အရိုးပွရောဂါအတွက် အနေအထိုင်အစားအသောက်
01-Mar-2017
အရိုးပွအတွက်ရော၊ နှလုံးအတွက်ရော၊ ဆီးချိုအတွက်ရော၊ လေးဖက်နာအတွက်ရော တိုက်တွန်းချက်ကတော့ တူတူပါပဲ။ တစ်ပတ်မှာ အနည်းဆုံး ၃ ရက်၊ တစ်ရက်မှာ နာရီဝက် ချွေးထွက်အောင် လေ့ကျင့်ခန်းတစ်ခုခု မြန်မြန်ပြုလုပ်ဖို့ လိုပါတယ်။ ရေကူးအသင်းဝင်ထားတယ်ဆိုပြီး တစ်လတစ်ခါလောက် ကူးလို့ကတော့ အလကားပါပဲ။ ဒီလိုပဲ လမ်းလျှောက်စက် ဝယ်ထားပြီး ဖုန်တက်နေလို့ကတော့ အရိုးတွေ၊ ကြွက်သားတွေ သန်လာမှာမဟုတ်ပါဘူး။
နေ့စဉ်လူမှုဘဝထဲမှာ အလေ့အကျင့်တစ်ခုအနေနဲ့ စွဲမြဲသွားအောင် ကျောင်းတွေကစပြီးလေ့ကျင့်ပေးသင့်ပါတယ်။ ကျောင်းတွေ တက္ကသိုလ်တွေမှာ အားကစားခန်းမတွေ ထည့်သွင်း ဆောက်တာ၊ ရေချိုးခန်း၊ အဝတ်လဲခန်းတွေပါ စီစဉ်ပေးထားတာ၊ ကျောင်းအုပ်ချုပ်ရေးကလည်း အားကစားကို အလေးထားပြီး ပြိုင်ပွဲတွေ စီစဉ်ထားတာအပြင် နောက်ပိုင်း ရုံးတွေ၊ စက်ရုံတွေမှာပါ လေ့ကျင့်ခန်းချိန် သတ်မှတ်ပေးပြီး အသံချဲ့စက်က သီးချင်းဖွင့်၊ စုပေါင်းလေ့ကျင့်ခန်းလုပ်ဖို့ စီစဉ်ပေးလာကြတာတွေ တချို့နိုင်ငံတွေမှာ တွေ့ရပါတယ်။ အောင်လည်းအောင်မြင်ပါတယ်။
ဗီတာမင်ဒီပါရှိမှုကို တိုင်းကြည့်ပြီး 75 mml / L အပေါ်မှာ ရှိနေအောင် နေရပါမယ်။ တစ်နေ့ကို နေရောင်ခြည် မနက် ၁၁ နာရီနဲ့ ၃ နာရီကြားမှာ နာရီဝက်ရရင် လုံလောက်တယ်ဆိုပေမဲ့ ဘီကီနီနဲ့ နေစာလှုံဖို့ အချိန်ကလည်း မရတာကြောင့် မျက်မှန်မည်းတပ်၊ အကျင်္ ီလက်ရှည်၊ ဘောင်းဘီ၊လုံချည်ဝတ်၊ ထီးဆောင်းပြီး သွားလာနေကြရင် အလုံအလောက်ရဖို့ မလွယ်ပါဘူး။ အသက်အရွယ်မရွေး ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီဖြည့်စွက် အားဆေးတွေ သောက်ရင် မမှားပါဘူး။ ကယ်လ်ဆီယမ် ၄၀၀ မီလီဂရမ်နဲ့ ဗီတာမင်ဒီ ၈၀၀ ယူနစ်လောက်ပါတဲ့ အားဆေးတွေက ကျောက်တည်တာတို့၊ ခေါင်းကိုက်တာတို့ဆိုတဲ့ ဆိုးကျိုးတွေ မဖြစ်ပါဘူး။ လူတိုင်းစားလို့ရပါတယ်။ စစ်ကြည့်လို့ ဗီတာမင်ဒီ နည်းနေတယ်၊ အရိုးပွရောဂါ ရှိနေတယ်ဆိုရင်တော့ ဒီထက် ၃ ဆအထိ တိုးသောက်ရမှာ ဖြစ်ပါတယ်။
အသားဓာတ်ကတော့ အနည်းဆုံး ပရိုတင်းဓာတ် ၄၀ ဂရမ်လောက် တစ်နေ့တာမှာ စားရမှာပါ။ အကြမ်းဖျင်းတော့ လက်မနှစ်ချောင်းစာအရွယ် အသားတုံးတစ်တုံးမှာ ပရိုတင်း ၃.၅ ဂရမ်ပါတာမို့ တစ်ခါစားရင် လေးတုံးလောက်စားမယ်ဆိုရင် အသားနှစ်တုံးစားဖို့တောင် အနိုင်နိုင်မို့ ကျန်းမာရေး မပြည့်ဝတာလည်း ရှိပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဦးချစ်စိုး
သတိထားစရာ အရိုးအဆစ်ပြဿနာနှင့် လေးဖက်နာရောဂါ စာအုပ်မှကောက်နုတ်ထားပါသည်။